ကျနော်လည်း စာတွေထပ်ရေးမယ်ဆိုပြီးကြံလိုက် မအားလိုက်ဖြစ်နေတာနဲ့ ဘလော့ရေးတဲ့ဆီကိုတောင် ခြေဦးမလှည့်ဖြစ်တာ တော်တော်ကြာပြီဗျာ.. ဒီကြားထဲမှာကျောင်းတုန်းကဘော်ဒါတွေကလည်း ကျနော်ကျောင်းသားဘ၀အကြောင်းတွေရေးတယ်လို့ကြားတော့ သူပါချင်ငါပါချင်တွေဖြစ်ပြီး ကျနော့ကိုခနခန လာလာပြောကြသေးတယ်ဗျာ။အဟဲ..။
ကျနော်အီကိုကျောင်းကို ဘယ်လိုစရောက်လာတယ်ဆိုတာ ပြောပြပြီးပြီဆိုတော့ ကျောင်းတက်နေတုန်းအချိန်တွေမှာ ကျနော်တို့တွေဘယ်လိုသောင်းကျန်းခဲ့ကြလဲဆိုတာ ဒီအပိုင်းမှာဆက်ပြောပြပါ့မယ်။
ရည်ရွယ်ချက်ကြီးစွာနဲ့ အီကိုကျောင်းတော်ကြီးကိုစစရောက်ချင်း ကျနော်နဲ့သားကြီးတို့နှစ်ယောက်ကျောင်းမှာပတ်မွှေဖြစ်ခဲ့ကြသေးတယ်။ဖြစ်ပုံကဒီလိုဗျ....
မှတ်မှတ်ရရအဲဒီနေ့က ၂၀၀၃ခု ဇန်န၀ါရီလ ၁ရက်နေ့။
ညကနယူးရီးယားဆိုတော့ကျနော်တို့နှစ်ကောင် မြို့ပါတ်ပြီးသောင်းကျန်းခဲ့ကြသည်။ အခုမိုးလင်းလာတဲ့အထိ ညကအရှိန်က မသေချင်သေး။ရွစိရွစိဖြစ်နေကြတုန်းပင်။တကယ်တန်းတော့ ကျနော်တို့ပထမနှစ်အတန်းတွေ ဖွင့်နေတာက နှစ်ပါတ်ကျော်ပြီ။ကျနော်တို့နှစ်ကောင်က ကျောင်းကိုလုံးဝမရောက်ဖြစ်သေးပေ။ဒါကြောင့်နှစ်သစ်မှာတော့အတန်းလေးဘာလေးသွားတက်ဖို့သင့်သည်ဟု နှစ်ကောင်သားတိုင်ပင်ပြီး ရွာသာကြီးသို့ သားကြီးရဲ့ပါပလစ်ကာကားလေးနဲ့ ပထမဦးဆုံးနေ့အဖြစ်ကျောင်းလာတက်ခဲ့ကြပါတယ်။
မှတ်မှတ်ရရပြောရဦးမယ်။အဲဒီတုန်းက ကျနော်တို့နှစ်ကောင်မှာ ရောဂါတစ်ခုစွဲနေသည်။အဲဒါက skecher တံဆိပ်ကိုအရူးအမူးဖြစ်နေကြခြင်းပင်။ဒါကြောင့်ကျောင်းစစတက်ချင်းနေ့မှာ ကျနော်ကကျနော့်ယောက်ဖရဲ့ skecher ဖိနပ်နဲ့ ဂျင်းအင်္ကျီကိုအတင်းတောင်းဝတ်ပြီး ရှိုးထုတ်လာပါတယ်။ တကယ်ဆိုရင် ကျနော်ဝတ်ထားတဲ့ပုံက လုံးဝအချိုးမကျ။ ရှပ်အင်္က်ျီလက်တိုအဖြူကို skecher ဂျင်းအင်္ကျီထပ်ဝတ်ထားသည်။
အောက်ကစတိုင်ဘောင်းဘီကိုမှ skecher ဝေါ့ကင်းရှုးနဲ့ဝတ်ထားသည်။ဘယ်လိုကြည့်ကြည့် အချိုးမကျ။သားကြီးကျတော့လည်း စတိုင်ဘောင်းဘီနှင့်skecher ဖိနပ်ကိုတွဲဝတ်ထားသည်။အပေါ်ကတော့ ရှပ်အင်္ကျီလက်တိုနှင့်ပင်။နှစ်ကောင်သား ဘာကိုမှဂရုမစိုက်သည့်ဟန်ဖြင့် စာသင်ခန်းတွေထဲ တစ်ခန်းဝင်တခန်းထွက်နှင့် လမ်းသလားနေခဲ့ကြသည်။
အဲ..နေ့လည်၁၂နာရီလောက်လဲရောက်ရော ဗိုက်ကဆဒ္ဒပြလာသည်။နှစ်ကောင်လုံးညထဲကဘာမှမစားရသေး။
ထို့ကြောင့် ကျောင်းကန်တင်းကိုသွားမယ်ဆိုပြီးကောင်မလေးတွေကြည့်ရင်းဖြင့်လမ်းလျှောက်လာခဲ့ကြသည်။
ကန်တင်းနှင့်စာသင်ခန်းကြား လူသွားလမ်းလေးအဆုံးနားရောက်တော့ ကျနော်တို့အရှေ့က မိန်းမ၂ယောက်နှင့် ယောင်္ကျားလေး၎ယောက်လောက်ဝိုင်းပိတ်ပြီး ရပ်လိုက်ပါတယ်။ နောက်တော့မှ မောင်လေးတို့ ကဗျာစာအုပ်ဝယ်ပါဦး ဆိုတဲ့စကားနဲ့အတူ လက်ထဲကို ကဗျာစာအုပ်၂အုပ် ဖတ်ခနဲရောက်လာပါတယ်။
ကျနော့်ကိုစာအုပ်ထိုးပေးတဲ့ကောင်မလေးကို တချက်လှမ်းကြည့်လိုက်မိတဲ့အချိန်မှာ ကျနော့်စိတ်တွေထူးထူးဆန်းဆန်း ဖြစ်သွားခဲ့ပါတယ်။ကျနော့်စိတ်ထဲမှာတော့ ငါတော့ဒီကောင်မလေးကိုကြိုက်နေပြီဟ ဆိုတဲ့အတွေးတစ်ခါတည်း ၀င်သွားတော့တာပဲ။ကျနော်နဲ့သားကြီး ၂ယောက်ပေါင်း ကဗျာစာအုပ်တစ်အုပ်ဝယ်လိုက်ကြတယ်။စာအုပ်နာမည်က *ကဗျာတစ်ပုဒ်..အိပ်မက်တစ်ကောင်..အပြာရောင်လက်အိပ်* တဲ့။ ကျနော်တို့၂ကောင်လည်း ပျင်းနေတာနဲ့ အဲဒီအဖွဲ့ကအကိုတွေကို ကဗျာစာအုပ်ကူလိုက်ရောင်းပေးမယ်ဆိုပြီး ကျောင်းတစ်လျှောက်ပါတ်ပြီး သူတို့အဖွဲ့နဲ့စာအုပ်လိုက်ရောင်းဖြစ်သွားကြတယ်။ကျနော်ကြိုက်နေတဲ့ကောင်မလေးလဲ အတူတူပါလာတယ်။ကျနော်နဲ့သားကြီးက ဖိုင်နယ်စာသင်ခန်းတွေထဲအထိဝင်ပြီး ကဗျာစာအုပ်တွေအတင်းလိုက်ရောင်းကြတယ်။ ဟိုကဗျာဆရာအဖွဲ့ကတော့ မော်ကွန်းထိန်းနဲ့တိုးမှာစိုးလို့ လန့်နေကြတယ်။ကျနော်တို့၂ကောင်က ကျောင်းသားသစ်ဆိုတော့ ဘာကိုမှသိလဲမသိ၊ကြောက်လဲမကြောက်ပဲနဲ့ ဖိုင်နယ်ရီးယားကမမတွေကို ကဗျာစာအုပ်တွေအတင်းလိုက်ထိုးရောင်းနေခဲ့ကြတာ အချိန်တော်တော်ကြာသွားသည်။ ညနေပိုင်းရောက်တော့ သူတို့အဖွဲ့နဲ့ကန်တင်းမှာထိုင်ပြီး စကားပြောဖြစ်သည်။သူတို့နဲ့ခင်သွားတော့ သူတို့နာမည်တွေကိုပါသိလာခဲ့တယ်။ကျနော်တို့၂ယောက်ကလည်း ကျောင်းမှာပေါင်းစရာမရှိတာနဲ့ အတော်ပဲဖြစ်သွားခဲ့သည်။ကျနော်တို့က ၂၀၀၂ အောင် ၊သူတို့က၂၀၀၁အောင်။ဒါပေမဲ့ကျောင်းတက်ရာမှာကျတော့ နှစ်မခြား။သူတို့က ပထမနှစ်(ဒုတိယနှစ်ဝက်)၊ကျနော်တို့က ပထမနှစ်(ပထမနှစ်ဝက်) ။ ၆လပဲခြားသည်။ ဒါကြောင့်..သူတို့ဆီမှာရှိသော ဖတ်စာအုပ်အဟောင်းတွေကို ကျနော်တို့ကိုပေးမည်ဆိုပြီး ကတိပေးခဲ့သည်။
အဲဒီမှာ ကျနော်ကလူလည်ကျပြီး ဟိုကောင်မလေးရဲ့ဖုန်းနံပါတ်ကို တောင်းယူထားနိုင်ခဲ့သည်။
Wednesday, September 24, 2008
ဘ၀တစ်ခုအမှတ်တရများစွာ(အပိုင်း၂)
Posted by warning muzik at 7:14 AM
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment