CLICK HERE FOR BLOGGER TEMPLATES AND MYSPACE LAYOUTS »

Sunday, April 5, 2009

ကျနော်ကြုံခဲ့ရသော ရွှေဝါရောင်တော်လှန်ရေး (အပိုင်း ၁)

ကျနော်လဲ စာမရေးဖြစ်တာ လပေါင်းတော်တော်ကြာသွားတယ်ဗျာ။ဒီကြားထဲအလုပ်ကများနေတော့ ဘလော့ရေးတဲ့ဘက်ကို လက်ဦးကိုမလှည့်ဖြစ်ဘူး။ဒါပေမဲ့ကျနော့စိတ်ထဲမှာ ရေးချင်တာတွေက အများကြီး။တက္ကသိုလ်တက်တုန်းကအကြောင်းလဲ တစ်ဝက်တစ်ပျက်နဲ့ ဆက်မရေးဖြစ်သေးဘူး။အခုလဲနောက်ထပ် စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးအကြောင်းကို ရေးချင်စိတ်ပေါ်လာလို့ရေးလိုက်ပြန်ပြီဗျာ။ဆုံးအောင်ရေးနိုင်အောင်တော့ကြိုးစားပါ့မယ်။

ဒီရွှေဝါရောင်တော်လှန်ရေးအကြောင်းမပြောမီ ကျနော်နဲ့နိုင်ငံရေးဆက်နွယ်မှု့အကြောင်းပြောပြမယ်။ ကျနော့အဖေက ညဘက်တိုင်း ဘီဘီစီ၊ဗီအိုအေ အမြဲနားထောင်တော့ နိုင်ငံရေးအကြောင်းတွေကို နားစွန်နားဖျားကြားဘူးတယ်။ဒါပေမဲ့သေချာစိတ်ဝင်တစား တော့မလေ့လာမိဘူး။
ကျနော့်ဘ၀မှာ ပထမဆုံးကြုံရတဲ့ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှူ့က ၂၀၀၆ နှစ် ဖေဖော်ဝါရီ၁၃ရက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့မှာဗျ။ အဲဒီတုန်းက ကျနော်က ဖေဖော်ဝါရီ၁၃က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ဆိုတာကို လုံးဝမေ့နေတယ်။စိတ်ထဲမှာ နောက်တစ်ရက်မှာရောက်မည့် ချစ်သူများနေ့အတွက်ပဲတွေးနေတာ။
အဲဒီနေ့ မနက်ပိုင်း ၈နာရီလောက်ကျနော်ကျောင်းကိုရောက်သွားတော့ ကျောင်းထဲကသစ်ပင်တိုင်းမှာ စာရွက်တွေကပ်ထားတာတွေ့ရတယ်။တချို့ကျောင်းသားတွေစုရုံးစုရုံးနဲ့ အဲဒီစာရွက်တွေဖတ်နေတာတွေ့တယ်။ဒါနဲ့ ကျနော်က ဘာစာရွက်လဲဆိုပြီးတော့ သွားကြည့်တော့ လား...လား..
အေဖိုးဆို်ဒ်စာရွက်အပြည့်မှာ ဗိုလ်ချုပ်အောင်ဆန်းဂတုံးနဲ့ ဂျပန်ဓါးကိုင်ပြီး ခုတ်မဲ့ဟန်ပြင်နေတဲ့ပုံကို နောက်ခံထားပြီး ၂၀၀၆ ဖေဖော်ဝါရီ၁၃ တွင်ကျရောက်သော ဗိုလ်ချုပ်အောင်ဆန်း၏ ၉ ၁နှစ်မြောက်မွေးနေ့အား ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ)မှ ကျောင်းသူကျောင်းသားများက အမှတ်တရရှိနေကြောင်း (စာသားတော့မေ့တေ့တေ့ဖြစ်နေပြီဗျာ။အဓိပ္ဗါယ်ကတော့အဲလိုပဲ)ရေးထားတဲ့စာတွေဖြစ်နေတယ်။
ကျနော်လဲ ကျနော့ရှေ့ကစာရွက်တစ်ရွက်ကို ဆွဲဖြုတ်ပြီး လွယ်အိတ်ထဲထည့်ခဲ့လိုက်တယ်။(အဲဒီစာရွက်ကို ၂၀၀၇ စက်တင်ဘာတော်လှန်ရေးဖြစ်တဲ့အချိန်ထိ ကျနော့အခန်းခေါင်းရင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၊ဦးသန့်တို့ရဲ့ ဓါတ်ပုံတွေနဲ့ တူတူကပ်ထားတာပါ။အရေးအခင်းနောက်ပိုင်းမှာ စစ်တပ်ကလူတွေကို လိုက်ဖမ်းတော့ ကျနော့အမေက စိုးရိမ်ပြီး အဲဒီစာရွက်တွေအကုန်လုံးကို လွှင့်ပစ်လိုက်ပါတယ်)
ဒါကတော့ ကျနော်ပထမဆုံးကြုံခဲ့ရတဲ့ ကျောင်းသားနိုင်ငံရေးလှုပ်ရှားမှု့ပါ။ကျနော်ထင်တာမမှားဘူးဆိုရင် ဒီစာရွက်တွေကို ကိုကျော်ကိုကို တို့ဝေတာဖြစ်မယ်။ဗမာပြည်ကျောင်းသားမားသမဂ္ဂ(ဗကသ)ဟာ အဲဒီအချိန်လောက်တုန်းကတဲက သေချာခိုင်မာစွာ ဖွဲ့စည်းထားပြီးဖြစ်လောက်မယ်။

0 comments: