ကျနော့်ဘလော့လေးစတင်ခြင်းအထိမ်းအမှတ်အဖြစ် အီကိုမှာတက်တုန်းက သူငယ်ချင်းတွေနဲ့ အဖြစ်အပျက်လေးတွေကိုတင်ချင်တယ်ဗျာ။အဝေးရောက်နေတဲ့ကျနော့အတွက် သူငယ်ချင်းအသစ်တွေဘယ်လောက်ရရ ငယ်ငယ်က တူတူဆိုးခဲ့ဘူးတဲ့ ဆိုးဖော်ကောင်းဖက်သူငယ်ချင်းတွေ ကိုတော့ဘယ်လိုမှမမေ့ပါဘူးဗျာ။ အခုကျနော့ပို့စ်လေးစစချင်းကို ကျနော့သူငယ်ချင်းတွေရဲ့ ဆိုးခဲ့၊ပေခဲ့၊တေခဲ့ ကြတဲ့အကြောင်းတွေနဲ့စလိုက်ပါ့မယ်။နောက်မှတဖြည်းဖြည်းကျနော်ငယ်ငယ်က ဆိုး၊ပေ၊တေ ခဲ့ပုံများအကြောင်းကိုဆက်တင်ပါ့မယ်။
ရန်ကုန်မြို့အနီးတ၀ိုက်ရှိတက္ကသိုလ်များ
နအဖ လက်ထက်တွင် တစုတစည်းထဲရှိနေကြသော တက္ကသိုလ်များကို မြစ်ကူးချောင်းခြားဒေသများသို့ ရွှေ့ပြောင်းခဲ့ကြောင်းကိုအားလုံးအသိပင်ဖြစ်သည်။ဒဂုံတက္ကသိုလ်(ဒဂုံမြို့သစ်မြောက်ပိုင်း)၊ ယဉ်ကျေးမှု့တက္ကသိုလ် နှင့် စီးပွားရေးတက္ကသိုလ်(ဒဂုံမြို့သစ်အရှေ့ပိုင်း)၊ ကွန်ပြူတာတက္ကသိုလ်(ရွှေပြည်သာ)၊အစိုးရနည်းပညာတက္ကသိုလ်(လှိုင်သာယာနှင့်သန်လျှင်)၊ တာဝတက္ကသိုလ်(သန်လျှင်) စတဲ့ကျောင်းတွေကိုအသစ်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသားများ စည်းလုံးမှု့လျော့စေရန် စနစ်တကျဖြိုခွဲခဲ့ပါတယ်။ထို့ပြင် ကျောင်းများ၏အနီးတ၀ိုက်တွင် အရက်ဆိုင်၊ဘီယာဆိုင်နှင့်ပြည့်တန်ဆာခန်းများရှိနေခြင်း၊ ကျောင်းဝင်းအတွင်းတွင်ပင် မူးယစ်ဆေးဝါးများ အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းစသည်တို့ကလည်း ကျောင်းသားများ နိုင်ငံရေးကိုစိတ်မ၀င်စားလာစေရန် နအဖ၏ယုတ်မာမှု့တစ်ခုပင်ဖြစ်သည်။
ရန်ကုန်မြို့ထဲမှာတော့နိုင်ငံခြားဘာသာတက္ကသိုလ်(ယူအက်ဖ်အယ်လ်)၊ သူနာပြုတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁၊၂) နှင့်ဆရာအတတ်သင်တက္ကသိုလ် စသည့်ကျောင်းများသာ ကျန်ရှိနေခဲ့ပါတယ်။
သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီးနှင့်လှိုင်တက္ကသိုလ်များနယ်မြေ (အာစီတူး) တို့မှာယခုအခါ မဟာတန်းကျောင်းသားများ၊ဒီပလိုမာကျောင်းသားများအတွက် သာဖွင့်လှစ်သင်ကြားပေးနေပါတယ်။
မင်္ဂလာဒုံမြို့နယ်တွင် ရန်ကုန်မြို့ရှိ မိန်းခလေးများ၏ အသည်းစွဲ တပ်မတော်ဆေးတက္ကသိုလ်(ဒီအက်စ်အမ်အေ) ကိုဖွင့်လှစ်ထားပါတယ်။မိန်းခလေးများရဲ့အသည်းစွဲလို့နာမည်တပ်ရတာက စစ်ဆေးကလို့ဆိုလိုက်လျှင် ကောင်မလေးတွေက သူတို့ကိုသာရလိုက်လို့ကတော့ စစ်ဗိုလ်ရောဆရာဝန်ရော တပြိုင်တည်းလင်နှစ်ယောက်
ရသလိုဖြစ်တာကြောင့် သည်းသည်းလှုပ်ဇြစ်နေကြတာပါ။
လမ်းပန်းဆက်သွယ်ရေး
ရန်ကုန်မြို့ပြင်ရှိတက္ကသိုလ်များသို့ မြို့နယ်တိုင်းမှကျောင်းကားများ စီစဉ်ပေးထားပါတယ်။ အများစုသောကျောင်းကားများမှာ ဘီအမ်ကားများနှင့် ဒိုင်နာကားများ သာဖြစ်ကြပါတယ်။တချို့သောမြို့နယ်များမှာ မီနီဘတ်စ်နှင့်အဲယားကွန်းဘတ်စ်များကို စီစဉ်ပေးပါတယ်။ကျောင်းများသို့သွားသောလမ်းများမှာ အလွန်ကြမ်းတမ်းပြီး ကျောင်းကားများကလည်းပြိုင်မောင်းသဖြင့် ကျောင်းကားများခနခနမှောက်ပါတယ်။ကျနော်ပထမနှစ်တက်နေစဉ်တုန်းက စီးပွားရေးတက္ကသိုလ်တွင် သန်လျှင်မှဒိုင်နာကျောင်းကားတစ်စီး သာကေတတွင်အရှိန်လွန်ကာ ကရိန်းကားနှင့်တိုက်မိပြီး ကျောင်းသားတစ်ယောက်သေဆုံးကာ ၂၀ခန့်ဒဏ်ရာရခဲ့ပါတယ်။သန်လျှင်မှကျောင်းသားများက ဒိုင်နာကားများအစား မီနီဘတ်စ်များနှင့် အစားထိုးပေးဖို့ မော်ကွန်းထိန်းထံသို့စာတင်ရာ ပယ်ချခံခဲ့ရပါသည်။
ကျောင်းသားများအတွက်အခြားသောပို့ဆောင်ရေးများမှာ လိုင်းကားများနှင့်မီးရထား တို့ဖြစ်ပါသည်။ယခုအခါတက္ကသိုလ်တိုင်းသို့မီးရထားလမ်းများ ဖောက်လုပ်ပြီးပြီဖြစ်လို့ မနက်ဆိုလျှင်နီးစပ်ရာ မြို့ပါတ်ဘူတာရုံလေးများတွင် တက္ကသိုလ်ကျောင်းသားများဖြင့် စည်ကားနေပြီဖြစ်သည်။
ဒါကတော့ကျနော်ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)မှာ ပထမနှစ်စတက်စဉ်က ဖြစ်ပျက်နေတဲ့အခြေအနေတွေပါ။ဒီအခြေအနေတွေကိုပြောပြထားတော့မှကျနော်တို့ကျောင်းသားတွေ ဒီလိုအခက်အခဲတွေကြားက ရတတ်သမျှလေးနဲ့ပျှော်အောင်ဘယ်လိုနေကြရလဲဆိုတာကို နားလည်နိုင်ကြအောင်ပါ။
ပထမနှစ်ကျောင်းသားဘ၀(1st yr 1st semester)
ကျနော် မိန်းမလှကျွန်းဆိုတဲ့အီကိုကျောင်းကို စရောက်တော့ အသက်က၁၈နှစ်ပဲရှိသေးသည်။ရည်းစားဆိုတာလည်းတစ်ခါမှမထားဘူးသေး။ ကျနော်အီကိုကို ရောက်လာတဲ့အကြောင်းကလည်းရီရသည်။ကျနော်တို့၁၀တန်းစာမေးပွဲ အောင်စာရင်းတွေထွက်တော့ ကျနော်က ၃၁၄မှတ်ဖြင့် အောင်သည်။ထိုစဉ်ကဂျီတီစီဝင်ခွင့်မှာ ၃၂၀မှတ် ဖြစ်သည်။ ကျနော်ကအင်ဂျင်နီယာဖြစ်ချင်နေတဲ့ကောင်။သို့သော်ငြားလည်း ကံမကောင်းအကြောင်းမလှတော့ ဖြစ်ခွင့်မကြုံခဲ့။ကျနော်သည်အရင်က စစ်ဗိုလ်တွေကိုအင်မတန်အားကျသူဖြစ်သည်။ စစ်တပ်ဆိုတာတကယ်လိုက်နာနိုင်ရင် ယောင်္ကျားကောင်းတစ်ယောက်ဖြစ်လာစေတဲ့ နေရာတစ်ခုလို့မှတ်ထင်နေခဲ့သူဖြစ်သည်။ဗိုလ်သင်တန်းဝင်ဖို့ကျတော့လည်း မျက်မှန်မပါလျှင်ဘာမှမမြင်ရသည့်အခြေအနေဆိုတော့ လက်လျှော့ခဲ့ရခြင်းဖြစ်သည်။ အခုတော့ထိုမျက်စိမှုန်ခြင်းကိုပင်ကျေးဇူးတင်နေရသည်။
တော်ကြာဘုန်းကြီးသတ်တဲ့ကောင်ဆိုပြီးတော့နာမည်ကြီးနေရင်ဒုက္ခ။
အောင်စာရင်းတွေထွက်ပြီး ကျနော်တို့သူငယ်ချင်းတစ်စု(ကျနော်၊သားကြီး၊နန်းဦးနှင့်ငချင်း၊ ငချင်းကနန်းဦးရဲ့ဘော်ဒ၊ကျနော်နှင့်မသိ)အော်စကာဆုရ we were soldiers ရုပ်ရှင်သွားကြည့်ကြသည်။
်ထိုရုပ်ရှင်ကားထဲမှာပါတဲ့လူသတ်တဲ့အခန်းတွေကိုကြည့်ပြီး စစ်ထဲဝင်ရမှာတော်တော်လန့်သွားခဲ့သည်။ မတော်လို့စစ်ဗိုလ်ဖြစ်သွားရင် ကိုယ့်ကိုသူများလာသတ်ရင်ဒုက္ခဆိုပြီး စစ်ထဲဝင်မည့်အကြံအစည်ကိုလုံးဝစွန့်လွှတ်လိုက်သည်။ နောက်တော့သားကြီးနှင့်ကျနော်တိုင်ပင်ကာ အီကိုတွင်တက်မည်ဆိုရင် ကောင်မလေးများနှင့်တွေ့ပြီး ရည်းစားမြန်မြန်ရနိုင်သည်ဟု ဆုံးဖြတ်ချက်ချကာ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီးနယ်မြေ) တွင်တက်ရောက်ရန် ကျောင်းလျှောက်လွှာတင်ခဲ့ကြပါတယ်။ နန်းဦးကတော့ သိပ္မံတွဲမို့လို့ တာဝတက္ကသိုလ်မှာ chemistry မေဂျာနဲ့ကျောင်းသွားတက်တယ်။နန်းဦးဘော်ဒါ ချင်းချင်းကတော့ we were soldiers ရုပ်ရှင်ကြည့်ပြီး စစ်ဗိုလ်ဖြစ်ချင်လာသည်ဆိုပြီး မေမြို့မှာဗိုလ်သင်တန်းသွားတက်ပါတယ်။ကိုယ်ကြိုက်ရာ ကိုယ်ရွေးခဲ့ကြတာပဲလေ။ အဲဒီတုန်းကဘ၀ဆိုတာ ဘာမှန်းကိုနားမလည်းသေးခဲ့ကြတာပါ။
ကဲ...ကြည့်။
ကျနော်အီကိုကျောင်းကိုရွေးခဲ့တဲ့ရည်ရွယ်ချက် ဘယ်လောက်ကြီးမားလဲဆိုတာသိပြီမလား။
Saturday, August 30, 2008
ဘ၀တစ်ခုအမှတ်တရများစွာ(အပိုင်း၁)
Posted by warning muzik at 2:04 AM
Subscribe to:
Post Comments (Atom)
2 comments:
WELL DONE!! mr. thet... keep going on...
ဖတ်လို့ကောင်းတယ်ဗျ.. ဆက်ရေးပါဦး...
ခေါင်းစဉ်ကိုသေချာမမြင်ရဘူးဖြစ်နေတယ် အတုံးလေးတွေပဲမြင်နေရတယ်....
Post a Comment